Organizational Overview of EMReF

အဖွဲ့အစည်းအကြောင်း အကျဉ်း

ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း၏ နောက်ခံအကြောင်းအရာ
 

ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပီပြင်လာစေရန်နှင့်မျှတ၍ အားလုံးပါဝင်မှုရှိသော လူမှုစီးပွားရေးဖွံ့ဖြိုးမှုအတွက် ပါဝင်ဆောင်ရွက်နေသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာ၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိကကဏ္ဍ၊ လွှတ်တော်နှင့်အစိုးရဌာနအဖွဲ့အစည်းများကို သတင်းအချက်အလက်နှင့် အထောက်အထားအခြေပြု မူဝါဒအကြံပြုချက်များ ပံ့ပိုးနိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း၊ အုပ်ချုပ်မှုစနစ်၊ နိုင်ငံရေးဘောဂဗေဒ၊ လူမှုဆက်ဆံရေး၊ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးဆိုင်ရာ သုတေသနများကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည့် အကျိုးအမြတ်မယူသော အသိအမှတ်ပြု သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း(EMReF)သည် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲများ၊ လွှတ်တော်၏စွမ်းဆောင်မှုနှင့် အဓိကကျသော ဖွံ့ဖြိုးရေးမူဝါဒ ကိစ္စရပ်များနှင့်ပတ်သက်၍ စိတ်ချယုံကြည်နိုင်သည့် သတင်းအချက်အလက်များကို ပံ့ပိုးခြင်းအားဖြင့် နိုင်ငံရေးအသိနိုးကြားမှုနှင့် နိုင်ငံသားများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၏ ပါဝင်ဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးခြင်း ၌ ၎င်း၏အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်လာစေရန် ဆောင်ရွက် လျက်ရှိပါသည်။ လက်ရှိတွင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းသဖွယ်ဖြစ်သည့် သတင်းအချက်အလက်စနစ်တစ်ခုကို ရေးဆွဲဖန်တီးလျက်ရှိရာ ယင်းစနစ်၌ သတင်းအချက်အလက်ကောက်ယူခြင်း၊ လေ့လာသုံးသပ်ခြင်းနှင့် ဝက်ဘ်ဆိုက်၊ လူမှုမီဒီယာနှင့် စာတိုပေးပို့ခြင်းနှင့် Applications များ အသုံးပြုခြင်းကဲ့သို့သော အခြားသော အီလက်ထရွန်နစ် ဆက်သွယ်မှုနည်းလမ်းများဖြင့် လူထုထံသို့ သတင်းအချက်အလက်ဖြန့်ဖြူးခြင်းဟူ၍ လုပ်ငန်းသုံးရပ် ပါဝင်ပါသည်။ ထို့အပြင် ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်း(EMReF)သည် ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံလွှတ်တော်အမတ်များကို စိတ်ချယုံကြည်နိုင်သည့် အထောက် အထား အချက်အလက်များ ကောက်ယူစုဆောင်းပြီး ၎င်းတို့ကို မူဝါဒများရေးဆွဲ အကဲဖြတ်ရာတွင် အသုံးပြုခြင်းစသည့် အလေ့အထကောင်းများရရှိစေရန် လူမှုသုတေသနသင်တန်းများကိုလည်း ပံ့ပိုးလျက်ရှိသည်။

 

အနာဂတ်မျှော်မှန်းချက်နှင့် လုပ်ငန်းလမ်းစဉ်များ
 

EMReF ၏ အနာဂတ်မျှော်မှန်းချက်နှင့် လုပ်ငန်းလမ်းစဉ်များမှာ -
မြန်မာနိုင်ငံအား

ပညာအလင်းပွင့်သော
သတင်းအချက်အလက်နှင့်ပြည့်စုံကြွယ်ဝသော
ခွင့်တူညီမျှသော
အားလုံးပါဝင်သည့် ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအဖြစ် ကြိုးပမ်းတည်ဆောက်ရန်ဖြစ်သည်။
ဖော်ပြပါ အနာဂတ်မျှော်မှန်းချက်များကို အောက်ပါလုပ်ငန်းလမ်းစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 မြန်မာနိုင်ငံတွင် အမှီအခိုကင်းပြီး လွတ်လပ်သည့် သုတေသနယဉ်ကျေးမှုတစ်ရပ်ကို မြှင့်တင်ပေးခြင်း၊
အထောက်အထားအခြေပြုသည့် မူဝါဒချမှတ်အကောင်အထည်ဖော်ဆောင်ခြင်းကို မြှင့်တင်ပေးခြင်းနှင့်
အထောက်အထားအခြေပြုသည့် သတင်းနှင့်အချက်အလက်များ ထိတွေ့ရှာဖွေသုံးစွဲခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါသည်။
အထက်ဖော်ပြပါ အနာဂတ်မျှော်မှန်းချက်နှင့် လုပ်ငန်းလမ်းစဉ်များအောက်၌ EMReF သည် အောက်ပါနယ်ပယ်များတွင်  သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။

  • အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာသုတေသန
  • ကျား-မ လူမှုရေးဆိုင်ရာသုတေသန
  • နိုင်ငံရေးဘောဂဗေဒနှင့် အုပ်ချုပ်မှုပုံစံဆိုင်ရာသုတေသန
  • တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာသုတေသန
  • တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာသုတေသန
  • လူမှုရေးအကျိုးသက်ရောက်မှုများနှင့် လူမှုရေးအကဲဖြတ်တိုင်းတာမှုများ။

ထိုကဲ့သို့ သုတေသနလုပ်ငန်းများအပြင် -
EMReF သည် လူမှုရေးသုတေသနသင်တန်းများနှင့် လူမှုရေးသုတေသနဆိုင်ရာပညာသင်ဆုအစီအစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လှုပ်ရှားဆောင်ရွက်ချက်များကို စုစည်းတင်ပြထားသည့် သတင်းစာစဉ်တစ်ခုကိုလည်း နှစ်ပတ်လျှင်တစ်ကြိမ် ထုတ်ဝေဖြန့်ဖြူးလျက်ရှိပါသည်။  

EMReF သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကျား-မအလွှာပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မွန်၊ ကရင်၊ ကချင်၊ နာဂ၊ လီဆူ၊ ချင်း၊ ဗမာစသော တိုင်းရင်းသားစုံသုတေသီများဖြင့် ဖွဲ့စည်းတည်ဆောက် ထားပါသည်။

EMReF သည် သုတေသနလုပ်ငန်းနှင့် သုတေသနဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းလုပ်ငန်းများဖြင့် မြန်မာနိုင်ငံတော်အား ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ရောက်ရှိနိုင်ရန် ဖော်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။